ခံစားမှုစာစုများ

ခံစားမှုစာစုများ Just My Feeling ..... Not Poem

17/11/2025

သေကွဲကွဲရတာထက် ပိုနာကျင်ရတဲ့
အသက်ရှင်လျက်နဲ့ တစ်သက်လုံး
တွေ့ခွင့်မရတော့ဘူးဆိုတဲ့ အသိက
ငါ့ကို ရှင်လျက်သေစေသလို
မျက်ရည်စတွေနဲ့ မိုးစင်စင်လင်းခဲ့ရတဲ့ညတွေ
တဖြည်းဖြည်း များ များ လာခဲ့ပေါ့

14/03/2022

ငါတို့နှစ်ယောက်အတွက်
အထူးပြုသတ်မှတ်ချက်တွေ မလိုပါဘူး ...
ငါတို့နှစ်ယောက်အတွက်
ချောကလက်တွေလဲ မလိုပါဘူး ...
အဓိကလိုအပ်တာ
နားလည်ဖေးမကြင်နာမှုတွေပါ ...
မင်းအချစ် ငါ့အချစ် ထပ်တူကျနေသမျှ
မင်းနဲ့ငါ ရင်ဘတ်ချင်း နီးနေသမျှ
နေ့ရက်တိုင်းဟာ တို့အတွက်
အဓိပ္ပါယ်တွေ အပြည့်နဲ့ပေါ့ ...
(14.02.15)

14/03/2022

ကောင်းကင်တမွတ် ကြယ်ကိုတော့
ဆွတ်ယူမပေးနိုင်ပါဘူး
ဒါပေမယ့်
မင်းရဲ့ဘေးမှာတော့ ထာဝရရှိနေပေးနိုင်တယ် ...
လိုချင်တာတွေအားလုံးကိုလည်း
ဖြည့်ဆည်းမပေးနိုင်ပါဘူး
ဒါပေမယ့်
ငါ့အချစ်တွေတော့ ထာဝရအတွက် ပေးအပ်နိုင်တယ် ...
စက္ကန့်မလပ်တော့ သတိရမနေနိုင်ပါဘူး
ဒါပေမယ့်
ငါ့နှလုံးသားထဲမှာတော့ မင်းအမြဲရှိနေတယ် ...
လွမ်းလွန်းလို့တော့ မသေနိုင်ပါဘူး
ဒါပေမယ့်
ငါ့ကမ္ဘာကြီးတော့ တိတ်ဆိတ်ဆွံအနေလိမ့်မယ်
(30.01.15)

14/03/2022

စိတ်မပူပါနဲ့လို့ ခဏခဏပြောပေမယ့်
ကြားရတဲ့သတင်းစကားတွေကြောင့်
ငါဘယ်လိုစိတ်အေးနိုင်မလဲချစ်သူ ...
မမျှော်လင့်ပဲ ကြားလိုက်ရတဲ့သတင်းတွေက
ငါ့ရင်ကို ဓားနဲ့မွှန်းနေသလို ...
မင်းဘက်ကမပြောင်းလဲပါဘူးလို့
အကြိမ်ကြိမ်ကတိတွေပေးနေပေမယ့်
စိတ်မထင်တိုင်း ပြောင်းလဲတတ်တဲ့ ကံကြမ္မာကို
တွေးယုံနဲ့တင် ငါကြောက်တယ်ချစ်သူ ...
ကျေးဇူးပြုပြီး ငါမဟုတ်တဲ့ အခြားတစ်ယောက်ကို
အရမ်းကြီးကောင်းမပြပါနဲ့ ...
မင်းရင်ထဲက ငါ့ရဲ့တည်နေရာလေး
ပျောက်ကွယ်သွားမှာ စိုးမိလို့ပါ ...
(29.01.15)

14/03/2022

အချစ်စစ်တို့လမ်းသည် မဖြောင့်ဖြူးတဲ့
အဲဒီတော့မလွယ်ကူတဲ့
ငါတို့ရဲ့ ခရီးလမ်းကိုပဲ
ဂုဏ်ယူရတော့မလို ...
ကြိုတင်စီစဉ်ထားပြီးရင်
ပျက်ပျက်သွားတတ်တဲ့
ငါတို့ရဲ့ ကံကြမ္မာကြီးကိုပဲ
လက်ညှိုးငေါက်ငေါက်ထိုးပြီး မေးလိုက်ချင်တယ်
သူများမျက်ရည်စက်တွေနဲ့
ခင်ဗျားကြီး အသက်ဆက်ချင်တာလားလို့ ...
(27.01.15)

14/03/2022

နေချင်တာ မင်းရဲ့ဘေးနား
နေခွင့်ရတာ မင်းရဲ့အဝေးမှာ ...
တွေ့ခွင့်မရပေမယ့်
လွမ်းခွင့်ရနေသေးတဲ့
ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမလို ...
ရွေ့လျားနေတဲ့ စက္ကန့်တံလေးတွေမှာ
ငါ့အလွမ်းတွေ တွဲလွဲခိုနေတယ်ဆိုတာ
ချစ်တဲ့သူတစ်ယောက် သိနိုင်ပါ့မလား ...
(27.01.15)

14/03/2022

မင်းမှေးခိုစရာ ငါ့ရင်ခွင်တစ်စုံဟာ
အမြဲအဆင်သင့်ဖြစ်နေပေမယ့်
မင်းရဲ့ရှိုက်သံတွေကတော့
ငါ့နှလုံးသားကို လောင်ကျွမ်းပြာကျစေခဲ့တယ် ...
ကျေးဇူးပြုပြီး ယုံကြည်ပေးပါ
ဒီကမ္ဘာပေါ်မှာ ကိုယ့်ကိုကိုယ်ထက်
မင်ကိုပိုချစ်တဲ့ လူတစ်ယောက်
မင်းဘေးမှာ အမြဲရှိနေမယ် ဆိုတာကိုပေါ့ ...
(24.01.15)

14/03/2022

ငါ့ဘဝရဲ့ သက္ကရာဇ်တွေထဲမှာ ငါအလိုအပ်ဆုံးက
မင်းရဲ့ကြင်နာနွေးထွေးတဲ့ လက်တစ်စုံပေါ့ ...
မင်းလက်တစ်စုံရဲ့ အုပ်မိုးမှုဟာ
ငါ့အတွက်တော့ အားဆေးတစ်ခွက် ဖြစ်စေခဲ့သလို
မင်းလက်တစ်စုံရဲ့ ထွေးပွေ့မှုဟာလဲ
ငါ့ဘဝရဲ့ လုံခြုံနွေးထွေးမှု ဖြစ်စေခဲ့တယ် ...
မင်းလက်တစ်စုံရဲ့ တည့်မတ်ပေးမှုကြောင့်
ဘဝရဲ့အနှစ်သာရအစစ်ကို ရှာတွေ့ခဲ့သလို
မင်းလက်တစ်စုံရဲ့ ဖေးမမှုကြောင့်ပဲ
ဘဝခရီးကြမ်းကို အံတုလျှောက်လှမ်းနိုင်ခဲ့ပါတယ် ...
တစ်ခုလေးပဲ ထပ်တောင်းဆိုပါရစေ
အဲဒီလက်တစ်စုံနဲ့ ထာဝရတွဲယှက်ထားရင်း
ကြုံလာသမျှ အခက်အခဲအားလုံး
အတူရင်ဆိုင် လက်တွဲမဖြုတ်ကြေးနော် ...
(24.01.15)

14/03/2022

မင်းနဲ့ဝေးရတဲ့ခဏက
ငါ့အတွက်တော့ ဆယ်ကမ္ဘာမကပါပဲ ...
စစ်မှန်သန့်စင်တဲ့ ငါတို့ရဲ့မေတ္တာတွေကြောင့်
တစ်နေ့ပြန်ဆုံနိုင်မယ်လို့ အခိုင်အမာယုံကြည်ရင်း
ငါတို့ရဲ့မနက်ဖြန်တိုင်းဟာ သက်ဝင်လှပလို့ပေါ့ ...
(23.01.15)

14/03/2022

အလွမ်း
စကားလုံးနှစ်လုံးတည်း ...
ဒါပေမယ့် ခံစားရတာက
အသက်ရှုမှားလောက်ပ ...
(23.01.15)

14/03/2022

အများကြားမှာတော့
ငါက သင်းကွဲငှက်တစ်ကောင်ပေါ့ ...
ဒါပေမယ့် ငါ့ကမ္ဘာမှာတော့
မင်းကိုလွမ်းတဲ့အလွမ်းတွေနဲ့
ကြီးကျယ်ခမ်းနားနေလေရဲ့ ...
(23.01.15)

14/03/2022

အဖြူထက်ဖြူတဲ့အရောင်တစ်ခုနဲ့
ငါတို့တွေ တွယ်တာခဲ့ကြတယ်
ဟန်ဆောင်မှုတွေ ခွာချပြီး
အရိုးသားဆုံးနှောင်တွယ်ကြပါစို့ ...
ဘယ်သူတွေ ဘယ်လိုသတ်မှတ်ကြပါစေ
ငါတို့လိပ်ပြာသန့်စွာ
လက်တွဲမဖြုတ်ကြေးပေါ့ ...
(09.01.15)

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ခံစားမှုစာစုများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share